သတင်းတပုဒ် = ငွေကျပ် (၃၂့၄၇) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင်ဖမ်းဆီးရမိ။ အိုက်စ် (ICE) ၇ဝ ကီလိုခန့်၊ ဘိန်းဖြူ ၁၅ ကီလိုခန့်နှင့် ဘိန်းစိမ်း ၁၃ ကီိလိုခန့်တို့ဖြစ်ကြောင်းသိရ။
အရင်က မေးဖူးလို့ ရေးထားပါတယ်။ ဆရာခင်ဗျား အက်စတစီ နဲ့ အိုက်စ် ကို ဆေးအစွဲပြတ်အောင် ဆောင်းပါးတပုဒ်လောက် ရေးပေးပါခင်ဗျ။ ကလေး ၂ ယောက်အဖေ၊ ဘဝပျက်လု စည်းစိမ်ပြုတ်လု၊ အတော်အခြေအနေ မကောင်းတော့ နည်းနည်းများ ကူညီနိုင်မလားလို့။ လူနာက ၃ ပင်လိမ်သလိုဖြစ်နေတယ်။ ဆေး ၂ မျိုးအပြင် ဆေးရောင်းတဲ့ မင်းသမီးနဲ့ပါ ညှိနေတာပါ။
Ice ဆိုတာ တရားမဝင်မူးယစ်ဆေးဖြစ်တယ်။ Methamphetamine (မက်သမ်ဖက်တငမ်း) ဖြစ်တယ်။ Amphetamine (အမ်ဖက်တမင်း) ဆေးအုပ်စုထဲက ဖြစ်တယ်။ အဲဒီထဲမှာ Speed လဲပါသေးတယ်။ ဘယ်လောက်စစ်သလည်းဆိုတာသာ ကွာတယ်။ Ice ကထိပ်ဆုံး၊ ဒိနောက် Base နဲ့ Speed စဉ်တိုက်ဖြစ်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ခေါ်ကြတယ်။
Ice မှာနည်မည်ခွဲတွေရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။
Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, yabba နဲ့ crank လို့ခေါ်ကြသေးတယ်။
Crystal meth ကို ကလပ်တွေ၊ လူစီစီရှိရာတွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။
Crystal meth ကိုသူများတွေဆီမှာ အများအားဖြင့် နှာခေါင်းကနေရှူကြတယ်၊ ဆေးလိပ်လိုလဲသောက်တယ်၊ ဆေးထိုးအပ်နဲ့လဲထိုးတယ်။ တချို့ကဆေးသောက်သလိုလဲ သောက်သေးတယ်။
ဘယ်ကနေလုပ်လုပ် ဆေးအစွမ်းကို ဆက်ရချင်တဲ့ဆေးစွဲမှုနဲ့ မှားယွင်းတဲ့ပျော်ရွှင်မှုကိုရစေတယ်။ သိပ်ပြီးကိုယ့်ကိုယ်ကို အထင်ကြီးလာတယ်။ ဘာလုပ်လုပ် သိပ်တက်ကြွနေမယ်။ အားတွေလဲရှိနေမယ်။ စားချင်စိတ်မရှိဘူး။ ဆေးစွမ်းက ၆-၈ နာရီခံတယ်။ စသုံးသူတွေဆိုပိုကြာလို့ ၂၄ နာရီခံတယ်။
ဆေးဖြတ်ဘို့ စနစ်တကျလုပ်ရမယ်။ ဆေးဖြတ်ဆေးရုံ၊ ဌာနတွေမှာ အထူးကုသရမယ်။ အချိန်တော့ယူမယ်။ သက်သာတိုးတက်လာမှာပါ။
ဆေးသုံးကာစ ပျော်ရသလိုနေပေမဲ့ ဆေးကို လူကိုဖျက်ဆီးလာနေပါပြီ။ မှတ်ဥာဏ်လျော့မယ်။ ကြမ်းတမ်းစိတ်ဝင်မယ်။ စိတ်မမှန်အမူအယာတွေပြမယ်။ နှလုံးနဲ့ ဦးနှောက်တွေ ပျက်စီးစေမယ်။ အလွန်စွဲတယ်။ ဆေးမရရင်မနေနိုင်ဖြစ်လာမယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးတော့မယ်။ အလုပ်ပြုတ်မယ်။ လမ်းပေါ်ကနေ မူးယစ်ဆေးဖြတ်ဆေးရုံ၊ ဒါမှမဟုတ် အချုပ်ထဲ၊ ထောင်ထဲရောက်မယ်။ နောက်ဆုံး ရေခဲတိုက်ထဲရောက်မယ်။
ဓါတ်ပုံထဲက Ice ဆေးသုံးကြတဲ့ သြစတေးလျသူတွေ (၈) လမှာ အပြင်ကအမြင်အရကွဲပြားသွားပုံ
ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၄
၅-၃-၂ဝ၁၆


No comments:
Post a Comment