(၂၀၁၆ ကိုယ်ရေးခဲ့သမျှထဲ အကြိုက်ဆုံးဆောင်းပါး)
မှူးအိမ်ဇော်
ည ၈ နာရီအချိန်ဆိုသည်က ရန်ကုန်မြို့တွင် မိုးချုပ်သည်ဟု မခေါ်နိုင်သေး။ အလုပ်ပြန်သူတွေ၊ ညပိုင်းအပြင်တွင် ညစာထွက်စားသူတွေ၊ ဈေးထွက်ဝယ်သူတွေနှင့် စည် ကားနေတုန်းအချိန်ပင်ဖြစ်သည်။ ဒဂုံမြို့သစ်မြောက်ပိုင်း ၇/၈ လမ်း ဆုံနားတွင်လည်း လူအမျိုးမျိုးတို့ နှင့် စည်ကားနေဆဲအချိန် ဖြစ်သည်။ လူအနည်းငယ် ကျဲပါးသော လမ်းဆုံကားဂိတ်အနားမှာတော့ အသက် ၂၇ နှစ်ပတ်ဝန်းကျင် အရွယ် ခေတ်ဆန်ဆန်ဝတ်စားထားသော ရုပ်ရည်ပြေပြစ်သည့်အမျိုးသမီးငယ်လေးက တစ်စုံ တစ်ယောက်ယောက်ကို စောင့် မျှော်နေဟန်နှင့် ကားလမ်းမကို စိုက်ကြည့်နေသည်။ အမျိုးသမီးငယ်၏ အသွင်က သွယ်လျနုနယ်သော်လည်း သေချာဂရုတစိုက် သတိထားကြည့်မိဆိုပါက နားထင်များ ချောင်ကျနေပြီးမျက်ကွင်းအနည်းငယ်ညိုနေသည်ကို တွေ့ ရပါမည်။
သိပ်မကြာခင်မှာပင် သူမ၏ မျက်လုံး၌ကျေနပ်သွားသည့် အရိပ်အယောင်နှင့်အတူ ‘လာပြီ’ဟု ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမမျှော်နေသူရောက်လာပြီဖြစ်၏။ ကားတစ်စီးပေါ်မှအသားဖြူဖြူ ခပ်ဝဝ လူတစ်ယောက်ဆင်းလာကာ သူ့ကိုတရင်းတနှီး လက်ဆွဲနှုတ်ဆက်သည် မိန်းကလေးကသူ၏ လက်ကိုင်အိတ်တွင်းမှရေတွက်ပြီးသား ပိုက်ဆံ ခုနစ်သောင်း ငါးထောင်ကိုထုတ်ပေးလိုက်ချိန်မှာတော့ ထိုသူက သူမလက်ထဲသို့ အထုပ်သေးသေးလေးတစ်ထုပ်ကိုပေးကာ ကားပေါ်တက်၍ ပြန်ထွက်သွားတော့သည်။
အမျိုးသမီးလေးက လက်ထဲမှ အထုတ်သေးလေးကို လက်ကိုင်အိတ်ထဲ ပြန်ထည့်ပြီး သူခေါ်လာသော Taxi ပေါ်ကိုပြန်တက်ကာ ထိုနေရာမှ ထွက်သွားသည်။ ကား ဂိတ်တွင်တော့ လူတချို့ ကားစောင့်နေကြဆဲ။ Taxi ပေါ်ရောက် တော့သူမရသည့် အထုပ်ကလေးကို နမ်းကြည့်သည်။ ”ဒီတစ်ခေါက် ပစ္စည်းမဆိုးဘူးပဲ”ဟုလည်းပြော လိုက်ပါသေးသည်။ အဆိုပါ အမျိုးသမီးငယ်ကတော့ ရန်ကုန်မြို့ရှိ KTV တစ်ခုမှအလုပ်သမတစ်ဦး ဖြစ်သည်။ သူမက အထက်ပါ အဖြစ်အပျက်တို့ကို ပြန်ပြောပြနေ ခြင်းဖြစ်သည်။
အထက်ပါအဖြစ်အပျက်၏ အဓိကဇာတ်ကောင်ဖြစ်သော အထုပ်လေးကတော့ နာမည်ကျော် ရာဘ သို့မဟုတ် ရာမ ဟု အမည်တွင်နေသည့် WY စိတ်ကြွဆေး ပြားများ ဖြစ်သည်။ ညပိုင်း အလုပ်လုပ်ရတာများသည့် သူမတို့အတွက်တော့ WY မူးယစ်ဆေးဝါးများကို သုံးနေမိသည်က အဆန်းပင်မဟုတ်တော့ဟု ဆိုသည်။ ”အပြင်ကိုလည်း အမြဲထွက်ခွင့်မရဘူး။ စိတ်ညစ်စရာတွေချည်း ပဲများနေတဲ့အတွက် ဒါကိုစသုံး ဖြစ်ရင်းနဲ့ တဖြည်းဖြည်းသုံး ဖြစ်နေတာခုထိပဲ” ဟုသူမဝယ်လာသော မူးယစ်ဆေး ပန်းရောင်အလုံးလေးများကို ရေတွက်ရင်း မသီရိမေ (အမည်လွှဲ)က ပြောသည်။
တကယ်တော့ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် အထောက်အကူ ပစ္စည်းများလိုပါသည်။ မသီရိမေက ပိုက်ကိုအလယ်မှဖောက်တပ်ထားသော ရေသန့်ဘူးထဲသို့ရေ တစ်ဝက်လောက်ထည့်ပြီးနောက်ဝယ်လာသည့် WY ပန်းရောင် ဆေးပြားများကို ခဲပြားပေါ်တင် လိုက်သည်။ ထို့နောက်မီးခြစ်သေး သေးလေးနှင့် အောက်မှ ရှို့လိုက် သောအခါ ထွက်လာသောအငွေ့ များကို ရေသန့်ဘူးမှတစ်ဆင့်စုပ် ယူလိုက်သည်။
သူမနေထိုင်သော တိုက်ခန်းထဲတွင်တော့ မူးယစ်ဆေး ကိုမီးရှို့ရာက ထွက်လာသည့် အနံ့ များဖြင့်တစ်ခန်းလုံး မွန်ထူနေသည်။ ”ဒါတွေလုပ်ရင် သုံးလေးရက် ဆက်တိုက်မအိပ်ဘဲနေတယ်။ အာရုံတစ်ခုဆို အဲ့ဒီတစ်ခုပေါ်မှာပဲ အချိန်တိုင်း စိတ်ဝင်စားနေတာ။ ဝယ်လာတဲ့ဆေးတွေကုန်သွားရင် တော့ အရုပ်ကြိုးပြတ်အိပ်ချင် စိတ်ပေါက်တယ်။ ကျန်းမာရေးထိခိုက်ပြီး ဒါတွေကမကောင်းမှန်းသိပေမယ့် ကျွန်မလုပ်နေမိတယ်။ တကယ်တော့ ကျွန်မလူ့လောကထဲကစောစောထွက်သွားချင်လို့ လုပ်နေမိတာပါ” ဟုမျက်ရည်များ ကိုသုတ်လိုက်ရင်း ရှိုက်သံတစ်ဝက် ဖြင့် ပြောသည်။
မသီရိမေက ချမ်းသာသည့်မိ သားစုမှ မွေးဖွားခဲ့သူမဟုတ်သော်လည်း အသက် ၁၇ နှစ်လောက်က စပြီးငွေကြေးကိုကြိုးစားရှာခဲ့သူ။ စီးကရက် ပရိုမိုးရှင်းလုပ်သောအ လုပ်မှစ၍ သူကြိုးစားခဲ့မှုက အချည်းနှီးမဖြစ်ခဲ့။ အသက် ၂၂ နှစ် တွင် စားသောက်ဆိုင်တစ်ခုဖွင့်နိုင် ခဲ့သလို ကိုယ်ပိုင်ကားစီးနိုင်သည့်အခြေအနေအထိ ရောက်ခဲ့သည်။ ထိုအချိန်မှာပင် သူငယ်ချင်း တချို့ ၏ မြှောက်ထိုးပင့်ကော် လုပ်မှုကြောင့် မူးယစ်ဆေးကိုစပြီးသုံးစွဲ မိရာမှ အိမ်ထောင်ပျက်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းအားလုံးကို စွန့်လွှတ်လိုက်ရတော့သည်။ နောက်ဆုံးတော့ ပိုက်ဆံလွယ်လွယ်ရသည့် ကာရာအိုကေမယ် ဖြစ်ခဲ့ သည်ဟု သူမကအတိတ်ကိုမချိတင်ကဲ အမူအယာဖြင့် ပြောသည်။
ယင်းနောက် မသီရိမေတစ် ယောက်မူးယစ်ဆေးသုံးစွဲရန် ငွေရနိုင်မည့်နည်းလမ်းမျိုးစုံကို သုံးခဲ့သည်။ ရှာခဲ့သည်။ ထိုအကျိုးဆက်ကတော့။ သူမမှာ HIV ပိုးရှိနေပြီ ဆိုသည် ကိုသိလိုက်ရသည့်အချိန် အလွန်တုန်လှုပ်ချောက်ချားသွား ကြောင်းသူမကပြောသည်။ ငွေရဖို့အတွက် သူမကိုနှစ်သက်နေသော ယောက်ျားတစ်ယောက်ကို ကပ်ခဲ့ပြီး ထိုယောက်ျား ငှားရမ်းပေးထားသည့် တိုက်ခန်း၌နေခဲ့သည်။ ရလဒ်ကတော့ ယခု ART ဆေးသောက် နေရသောဘဝသာ။ ”အဲ့ဒီလိုဖြစ်နေတာသိသိချင်း ကျွန်မသေချင်စိတ် ပေါက်သွားတယ်။ ခုချိန်အထိစိတ်ထဲမှာ မကောင်းဖြစ်နေတုန်းပဲ။ ကျွန်မဘဝကို ကျွန်မမကျေနပ်ဘူး။ ကျွန် မမှာစိတ်ထွက်ပေါက်လည်းမရှိ တော့ဘူး။ ဒါကြောင့်ပဲဒါကိုဆက်သုံးဖြစ်နေတုန်းပဲ။ ကျွန်မသေတဲ့အထိ ဒါကို ဆက်လုပ်သွားမယ်”ဆိုသည့်စကားက ဘဝတစ်ခု၏ မထူးဇာတ်ပင်လောမသိ။
သူမ အပြောအရ ဤရန်ကုန်၌ပင် မူးယစ်ဆေးဝါးဝယ်နေသည့် နေရာလမ်းကြောင်းခုနစ်ခုရှိသည်ဟူ၏။ ရန်ကုန်ကို ရောက်လာသော မူးယစ်ဆေးအများစုသည် တရုတ်နှင့် ထိုင်းမှဝင်လာခြင်းဖြစ် ပြီးအရောင်၊ ပုံစံနှင့် စာလုံးပုံကို ကြည့်ပြီးအမျိုးအစားများနှင့် တန်ဖိုးတို့လည်း ကွာခြားကြောင်းဆိုသည်။ တချို့ကတော့ WY နှင့် ရေခဲ (ICE) ဟုခေါ်သော ခရစ်စတယ်အကြည်ရောင် အတုံးလေးများကို တွဲသုံးသည်ဟု သူမကပြောသည်။ ၎င်းနှင့်အတူတူ KTV တွင် အလုပ်လုပ်နေသော အမျိုးသမီးအ ချို့သည်လည်း မူးယစ်ဆေးများကို သုံးစွဲနေကြပြီးငွေရဖို့ သူမကဲ့သို့ သူဌေးများ၏ အငယ်အနှောင်း ဘဝပုံစံနှင့် လူမသိ သူမသိနေနေ ကြသလို၊ တချို့ကလည်း မူးယစ်ဆေး ပြန်လည်ဖြန့်ချိရောင်းချနေသည်ဟုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုခဲ့သည်။
”တချို့ဆို သူတို့ကိုထောက်ပံ့ပေးနေတဲ့ ယောက်ျားတွေက လည်းအဲ့ဒါတွေလုပ်တယ်။ ကျွန်မအရင်စီးပွားရေးအဆင်ပြေတုန်းကဆို မော်ဒယ်မိန်းကလေးတွေနဲ့ အပေါင်းအသင်းလည်းဖြစ်ခဲ့တော့ သူတို့နဲ့လည်းအတူတူသုံးဖြစ်တယ်။ သူတို့ကိုငွေကြေးထောက်ပံ့နေတဲ့ သူတွေထဲကယောက်ျားတစ်ယောက်ဆို အနုပညာလောကကို မူးယစ်ဆေး ဖြန့်ပေးနေတဲ့တစ်ယောက်ဆိုတာသိခဲ့တယ်” ဟု ၎င်းသိသောနောက်ကွယ်အကြောင်း တစ်စွန်းတစ်စကိုဖွင့်ဟပြန်သည်။
”ဒီပစ္စည်းတွေရဖို့က အရေးကြီးဆုံးဖြစ်နေတယ်။ ကျန်တဲ့ လူ့သိက္ခာတွေက ကျွန်မဂရုလည်း မစိုက်ဘူး။ အရေးလည်းမကြီးဘူး။ ကျွန်မစိတ်ထဲမှာ အဲ့ဒါပဲရှိတယ်။ ကျွန်မကိုသိပ်ချစ်တဲ့ ကျွန်မအမေကိုတော့ သနားပါတယ်” ဟုပြောရင်း မိခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတဟန် သူမမျက်နှာတွင် တဒင်္ဂမြင်လိုက်ရသည်။ သူမ မူးယစ်ဆေးသုံးနေသည်ကို မိခင်ဖြစ်သူမိဖူးသည်။ ထိုစဉ်ကတော့ နောက်မသုံးရန် ကတိ တောင်းခဲ့သည်ကို သူမအလွယ်ပင် ပေးခဲ့သည်။ သို့သော် သူမအ ဖြစ်က နွံ၌နစ်နေသော ခိုကိုးရာမဲ့အဖြစ်မို့ ထိုအမှောင်လမ်းသို့သည် ပြန်လည်ကျင်လည်ခဲ့ရသည်။ တစ်ခါတစ်ရံနောင်တဖြင့် နာကျင်ရသော်လည်း မူးယစ်ဆေး ဖြတ်ရန် တစ်ခါမျှ မကြိုးစားဖူးသလို သူမဘဝနှင့်ရောဂါကိုသိမည်စိုး၍ ဆေးရုံဆေးခန်းလည်းမသွားခဲ့ဟု ပြောသည်။
သူမအတွေ့အကြုံအရ KTV နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းနေရာများတွင် အသက်မွေးနေသော မိန်းကလေးတချို့သာမက မိကောင်း ဖခင်သားသမီးဟု အများမြင်နေကြသော မိန်းကလေးတချို့သည်လည်းကွယ်ရာတွင် မူးယစ်ဆေးသုံးစွဲနေ ကြသည်ဆို၏။ သူမ အသိထဲမှာ ပင်မူးယစ်ဆေးသုံးနေသော အမျိုး သမီးငယ်လေးတွေ အများအပြား ရှိနေသည်ဟု ပြောသည်။
”ကျွန်မလိုဘဝမျိုးတော့ တခြားသူတွေကိုမဖြစ်စေချင်ဘူး။ တကယ်တော့ အတုအယောင် တွေထဲမှာ ပျော်နေတာလေ။ ပျော် စရာကောင်းလား မကောင်းလား ဆိုတာ ကျွန်မ မသိတော့ဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အရင်တုန်းကလို မိသားစုဘဝလေးကို ပြန်မရနိုင်တော့ဘူးထင်တယ်။ ကျွန်မမှာ HIV လည်းရှိနေတော့ ဘယ်ယောက်ျားမှလည်း အတည်လက်ထပ်ချင်မှာ မဟုတ်ဘူး။ ကျွန်မဘဝက စုံးဆုံးမြုပ်သွားပြီ။ ဘယ်အချိန်သေမလဲ ထိုင်စောင့်နေတာပါ” ဟု ပြောလိုက်ရင်း နောက်တစ်ကြိမ် ရှိုက်ကြီးတငင် ငိုပါတော့သည်။
ရှောင်လေဝေးဝေး မူးယစ်ဆေးဟုဆိုကြသည်။ တကယ်တော့ မရှောင်နိုင်သောအခါအရာရာနှင့် ပို၍ ဝေးသွားတတ်ပါသည်။ မသီရိမေသည် ဤမြန်မာနိုင်ငံတွင်းမှ လူ မသိ သူမသိမူးယစ် ဆေးဝါးစာမိ နေသောဘဝများ၏ ပြယုဂ်တစ်ခု၊ ထိုသူတို့ကို ကိုယ်စားပြုသော သက် ရှိဖြစ်ရပ်မှန် ဇာတ်ဆောင်တစ်ဦး ဖြစ်သည်။ ဖုံးကွယ်ထားသော၊ အမှောင် ကန့်လန့်ကာတစ်ဖက်ခြမ်းတွင် ထိုဘဝများ မည်မျှရှိနေမည်ဆိုသည်ကတော့မသိနိုင်ပါ။ မေတ္တာ၊ မိသားစုဘဝ၊ လူသား အိပ်မက် တို့နှင့် အလဲအထပ် လုပ်လိုက်ရသော မူးယစ်ဆေးတံခါးဟူသည် အဝင်သာရှိ၍ ပြန်ထွက်နိုင်သူနည်း သောတံခါးပေါက် ဖြစ်သည်။
မသီရိမေကဲ့သို့ ဆံမြိတ်လည်းပြေပန်းလည်း ကြွေပြီးနောက် နှမလက်လျှော့နေခဲ့ရလေပြီဖြစ်သော ဘဝတို့နည်းတူ ဖြစ်ခဲ့လေသော ဖြစ်ဆဲဖြစ်သော ဖြစ်လတ္တံသော ဘဝများအတွက် မျှော်လင့်ချက်ဟူသည်က …။
No comments:
Post a Comment